Mountains
ခိုင်မြဲသောမေတ္တာ

ဘူငါ အမည်ရှိသော မိန်းကလေးသည် ထိုင်းနိုင်ငံတောင်ပိုင်းကျွန်းဆွယ်ဒေသများတွင် နေထိုင်သော ထိုင်း တရုတ် မာလာယုအနွယ်ဝင် လှပသောမိန်းမပျိုလေးတစ်ဦးဖြစ်သည်။ မိဘမဲ့ဖြစ်သော ဘူငါသည် ငယ်စဉ်ကပင် အဖွားဖြစ်သူနှင့် မုန့်ရောင်းရင်း ဘဝကိုခက်ခဲစွာဖြတ်သန်းရသော်လည်း ရဲရင့်ပြီး မဟုတ်မခံစိတ်ဓာတ်ရှိကာ၊ မိမိလိုနွမ်းပါးသူများ၏ဘဝကို မြှင့်တင်ပေးနိုင်မည့် ကျွန်းပိုင်သခင်မ ဖြစ်လိုသည့် ဆန္ဒရှိသူဖြစ်သည်။ သို့သော် ကံမကောင်းအကြောင်းမလှစွာ အကြွေးရှင်၏ လိုက်လံဖမ်းဆီးမှုကို ခံရပြီးထွက်ပြေးရာမှ ရထားဘူတာတွင် မိမိအားကူညီပေးခဲ့သည့် သူဌေးသား တဝမ်ဆိုသူနှင့်တွေ့ဆုံခဲ့သည်။ မြင်မြင်ချင်းသဘောကျပြီးသွားသော သူတို့နှစ်ယောက်သည် ကံကြမ္မာ၏ မျက်နှာသာပေးမှုကြောင့် ပြန်လည်တွေ့ဆုံခဲ့ရာမှ နှစ်ဦးသားချစ်သူဖြစ်သွားကာ လက်ထပ်ရန်ပင် ရည်ရွယ်ခဲ့ကြသည်။ သို့ရာတွင် တဝမ့်အိမ်ရှိရာ မြို့တော်သို့ ပြန်သည့်လမ်းတွင် လုပ်ကြံခံရပြီး ဘူငါပျောက်ဆုံးသွားခဲ့သည်။ ထိုအချိန်တွင် ကွယ်လွန်သွားသော မိမိ၏ဇနီးဟောင်းနှင့် ဆင်တူသည့် ဘူငါ့ကို ချစ်မြတ်နိုးသော တောင်ပိုင်း၏ ဩဇာအာဏာရှိသူ သခင်ကြီးအင်ထုသည် မတော်တဆမှုကြောင့် ဘူငါအတိတ်မေ့သွားသည်ကို အခွင့်ကောင်းယူကာ ဘူငါသေပြီဟု သတင်းလွှင့်ပြီး၊ ကွယ်လွန်သွားသည့်ဇနီးနေရာတွင် ဘူငါ့ကိုအစားထိုးကာ ဘူရွန်ကျွန်းတွင် ဖွက်ထားခဲ့သည်။ တဖက်တွင် တဝမ်သည်လည်း အခြေအနေမကောင်းသော မိသားစုစီးပွားရေးကို ပြန်ကယ်ဆယ်ရန်ကြိုးစားရင်း စီးပွားရေးတွဲဖက် ကျောမ်စန်ဆိုသည့်အမျိုးသမီးနှင့် တွေ့ဆုံခဲ့သည်။ ကံကြမ္မာက အတိတ်မေ့နေသော ဘူငါနှင့် တဝမ့်ကို ပြန်လည်ဆုံတွေ့စေရာမှ အင်ထု၏ လုပ်ကြံဇာတ်လမ်းဆင်ထားသမျှ အကုန်ပေါ်လာပြီး တဝမ်လည်း မိမိဇနီးဖြစ်သူ ဘူငါ့ကို အင်ထုထံမှပြန်လည်ခေါ်ရန်ကြိုးပမ်းခဲ့သည်။ ချစ်ရသူကိုပိုင်ဆိုင်လိုသည့် အင်ထုနှင့်၊ မိမိချစ်ရသူ ဘူငါနဲ့အတူရှိလျှင် အန္တရာယ်မကင်း ဖြစ်မည်ကို စိုးရိမ်သော ကျောမ်စန်တို့၏ အတ္တကြောင့် ကွဲကွာစေရန်ကြိုးပမ်းမှု၊ မိသားစုအချင်းချင်း အမွေလုမှု၊ စီးပွားပြိုင်ဖက်များ၏ လုပ်ကြံမှုများကြားမှ အချစ်စစ်မှန်သော ဘူငါနှင့်တဝမ့်တို့ အခက်အခဲများကျော်လွှားကာ ပျော်ရွှင်စွာ ပေါင်းဖက်နိုင်သွားဦးကြမည်ကို ဤဇာတ်လမ်းတွဲမှာ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါသည်။