Mountains
သစ္စာ

သားချောသည် မိခင်မုဆိုးမကြီး ဒေါ်ချောမေနှင့်အတူ စမ်းရေအိုင်ရွာလေးတွင် နေထိုင်သည်...သားချော ငယ်စဉ်ကလေးဘဝတွင် မိဘများသည် ချမ်းသာသည့် ရွာ့မျက်နှာဖုံးများဖြစ်ခဲ့ကြသည်... ထိုစဉ်အချိန်အခါတွင် သားချောတို့ မိသားစုသည် တစ်ရွာလုံး၏ မျက်နှာသာပေးဆက်ဆံခြင်းခံရကာ အလွန်ပျော်စရာ ကောင်းခဲ့ကြသည်... သို့သော် သားချော ၁၀နှစ်သားအရွယ် မချောမေ ဒုတိယကိုယ်ဝန်ရရှိလာချိန်တွင်တော့ သားချောတို့ မိသားစုအတွက် ကံဆိုးမိုးမှောင်ကျခဲ့ရသည်... ချမ်းအေးလွန်းသည့် တပို့တွဲလ၏ ရွာဦးဘုရားပွဲညတစ်ညတွင် သားချောတို့အိမ်သို့ ဓါးပြစီးခံလိုက်ရကာ ဖခင်ဖြစ်သူ ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်...မချောမေသည် ယောကျ်ားက မျက်စိရှေ့တင် ရက်ရက်စက်စက် သတ်ခံလိုက်ရသည်ကို တွေ့လိုက်ရသည့်အတွက် လမရင့်သေးသည့် ရင်သွေးလေး ပျက်စီးသွားရသလို စိတ်ဒဏ်ရာလည်း အပြင်းအထန် ရရှိခဲ့သည်...မချောမေသည် သာမန်အချိန်များတွင် ပုံမှန်အတိုင်းသာ ရှိသော်လည်း ဆောင်းလအချိန်အခါ ရွာဦးဘုရားပွဲနီးလာပါက စိတ်ဒဏ်ရာများ ပြန်လည်နိုးထလာလေ့ရှိကာ ဓါးပြများ ပြန်လည်ရောက်ရှိလာပြီး သူ့အား သတ်ပစ်မည်ကို စိုးရိမ်ထိတ်လန့်နေလေ့ရှိသည်...ထိုအချိန်မှစ၍ သားချောတို့သားအမိသည် တစ်ရွာလုံး၏ အသနားခံဘဝသို့ နေ့ချင်းညချင်း ပြောင်းလဲသွားတော့သည်... ဖခင်ရှိစဉ်က လိုလေသေးမရှိ ပြီးပြည့်စုံစွာနေထိုင်ခဲ့ရသည့် သားချောသည် ဆင်းရဲနွမ်းပါးသည့် အခြေအနေကို ရောက်ရှိသွားပြီးနောက် တစ်ရွာလုံး၏ အနှိမ်ခံအသနားခံဘဝကို ရောက်ရှိခဲ့ရသည်...သားချောသည် ကျောင်းစာကိုလည်း ဟုတ်တိပတ်တိ သင်ယူခဲ့ရခြင်း မရှိသောကြောင့် အနှိမ်ခံဘဝကို အရွဲ့တိုက်ဆိုးသွမ်းရင်း ရွာအော့ကြောလန်ဘဝကို ရောက်မှန်းမသိ ရောက်ခဲ့ရသည်...